ကြာဆံကြော်၊ခေါက်ဆွဲကြော်ဟာအလွယ်တကူလုပ်စားရလို့ရတဲ့အစားအစာတစ်မျိုးဖြစ်လို့လူတော်တော်များများကြိုက်ကြမယ်ထင်ပါတယ်။ ဒါ့အပြင်အချို့ကလည်း ကြာဆံကြော်၊ ခေါက်ဆွဲကြော်တွေကိုအရမ်းကြိုက်ပြီးဝယ်စားရတာမဝဘူးဆိုတဲ့သူတွေရှိမယ်ထင်ပါတယ်။ဘယ်လိုပင်ဆိုစေ ဒီတစ်ခါတော့ကြာဆံကြော်ကြိုက်သူတွေအတွက်အရသာရှိတဲ့ကြာဆံကြော် ကြော်နည်းလေးပြောပြပေးမှာဖြစ်ပါတယ်
ကြာဆံကြော် ကြော်ဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့-
ဆန်ကြာဆံ (ရေနွေးပူပူဖြင့်စိမ်ထားပါ)
ကြက်ဥ၊ဂေါ်ဖီထုပ်အနည်းငယ်
မုန်လာဥနီ၊ပဲပင်ပေါက်အနည်းငယ်
ကြက်သွန်ဖြူ၊ကြက်သွန်မြိတ်
နံနံပင်၊ငရုပ်သီးစိမ်း တို့လိုအပ်ပါတယ်
ရေနွေးစိမ်ထားသောကြာဆံအိပါက ဆယ်ယူကာရေစစ်ထားပြီး ဆား၊အရသာမှုန့်၊ပဲငံပြာရည်၊ ဆီ အနည်းငယ်တို့ထည့်ကာခပ်ဖွဖွနယ်ထားပါ။ဂေါ်ဖီထုပ် နဲ့ ဥနီကိုရေစင်အောင်ဆေးကာ ပါးပါးလှီးထားပါ။ ငရုပ်သီးနဲ့ကြက်သွန်ဖြူကိုလည်းရေဆေးကာဓားဖြင့်နုတ်နုတ်စင်းထားပါ။ ကြက်သွန်မြိတ်၊နံနံပင်တို့ကို လည်းရေစင်အောင်ဆေးကာ ကတ်ကြေးဖြင့်နုတ်နုတ်ညှပ်ကာ ပဲပင်ပေါက်ကို ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
ပန်းကန်တစ်လုံးထဲသို့ ဆား၊သကြား၊ပဲငံပြာရည်၊ခရုဆီ၊ ဟင်းခက်မှုန့်တို့ကိုအနည်းငယ်စီ ထည့်ကာအနှစ်ဖျော်ထားပါ။ကြက်ဥကိုလည်းမိမိနှစ်သက်ရာအတိုင်းကြော်ထားပါ။ ဒယ်အိုးမှာဆီထည့်ပြီး ကြက်သွန်ဖြူ၊ ငရုပ်သီးတို့ထည့်ကာဆီသတ်ပါ။ကြက်သွန်ဖြူအနံ့သင်း လာပါက ပဲပင်ပေါက်၊ဂေါ်ဖီ၊ဥနီတို့ကိုအစဉ်အတိုင်းထည့်ကာအနည်းငယ်နွမ်းအောင်ကြော်ပါ။အသီး၊အရွက်များနွမ်းလာပါက အရသာသွင်းထားသောကြာဆံ၊အရသာစပ်ထားသော အနှစ်တို့ထည့်ကာမိနစ်အနည်းငယ်ခန့် ကြော်ပါ။မိနှစ်အနည်းငယ်ခန့်ကြော်ပြီးနောက်အရသာအပေါ့အငံမြည်းကာ ကြက်ဥကြော်၊နံနံမြိတ်၊ကြက်သွန်မြိတ်တို့ကို နှစ်သက်သလိုထည့်ကာသုံးဆောင်နိုင်ပါပြီ