တညင်းသီးမှာ
လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ့မှာ ပါဝင်တာကတော့လူကို ဒုက္ခပေး
နိုင်တဲ့အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ့အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။
တညင်းသီးဟာ အဆိပ်အတောက်ရှိတဲ့ အသီးဖြစ်သလို အဆိုးရွားဆုံးကတော့ ကျောက်ကပ်နှစ်ခုစလုံး
တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုးတဲ့အထိ ဖြစ်နိုင်တာပါပဲ။

မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ့ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ့ သံတောင်ကြီးဒေသတွေမှာ တညင်းသီးတောက်မှု အများဆုံးတွေ့ရပါတယ်။ တညင်းသီးပေါတဲ့ ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် တညင်းသီးတောက်မှုမှ အသက်ဆုံးရှုးမှုတွေ ရှိပါတယ်။ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင် သေတတ်ပါတယ်။

တညင်းသီးအဆိပ်ရဲ့ ဖွဲ့စည်းပုံမော်လီကျူးက ပုတီးသီသလို သီထားသလိုပါပဲ။ တော်တော်ရှည်ပြီး တစ်ခုနဲ့တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲကို အဆိပ်တွေဝင်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေးပါတယ်။ ကျောက်ကပ်ကတော့ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။

တညင်းသီးစားလိုက်ရင် ပါဝင်တဲ့အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပြီးမှ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ့ အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို့ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်က နေစွန့်ထုတ်ဖို့ ကြိုးစားရပါတယ်။

ဒါပေမယ့် တညင်းသီးအဆိပ်မော်လီကျူးရဲ့တည်ဆောက်ပုံကြောင့် ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို့တတ်ပါတယ်။ နောက်ပြီးအပ်ချောင်းပုံ အဆိပ်မော်လီကျူးတွေကထိုးလို့ သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာတတ်ပါတယ်။ ပိုပြီးဆိုးလာတဲ့အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံး၀သွားလို့မရ ဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို့ တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ့ အဆိပ်အတောက်တွေများလာပြီး ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင် အသက်သေဆုံးနိုင်ပါတယ်။

တညင်းသီးစားပြီးတဲ့အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ့ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ဝင်နေပြီ လို့ဆိုလိုတာပါပဲ။ ဒါကြောင့် စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ့ဆိုးပေးတဲ့ ဒီလိုအသီးကို တတ်နိုင်သမျှတော့ မစားသင့်ဘူးလို့ထင်ပါတယ်။