အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က အသက် ၄၀ နှစ်အရွယ် လော်ရာဘာရာဂတ်စ် ဆိုသူ အမျိုးသမီးဟာ မကျက်သေးတဲ့ တီလားပီးယားငါး (Tilapia) ကို စားသုံးပြီးနောက် ရောဂါပိုးဝင်ပြီး သူမရဲ့ ခြေလက်အင်္ဂါအားလုံးကို ဖြတ်တောက်ခဲ့ရပါတယ်။

လော်ရာဘာရာဂတ်စ် ဟာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်က မြို့မှာရှိတဲ့ ဈေးထဲကနေ တီလားပီးယားငါး ကို ဝယ်ယူခဲ့ပြီး ငါးကိုမကျက်တကျက် ချက်ပြုတ်ကာ ညစာကို တစ်ယောက်တည်း စားသောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တီလားပီးယားငါးကို စားပြီး နောက်ရက်တွေမှာတော့ သူမဟာ အပြင်းဖျားခဲ့တာကြောင့် ဆေးရုံတက် ခဲ့ရပါတယ်။

အသက်အန္တရာယ် ဆိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်လာခဲ့တာကြောင့် အောက်ဆီဂျင်တောင်ပေးခဲ့ရပါတယ်။ နောက်ိပုင်းမှာတော့ သူမရဲ့ ရောဂါအခြေအနေက ပိုပိုဆိုးလာပြီး ခြေချောင်း၊လက်ချောင်းတွေကလည်း တဖြည်းတဖြည်းနဲ့ မည်းလာသလို ကျောက်ကပ်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ ၁ လခွဲလောက်ကြာပြီးတဲ့နောက် သူမရဲ့ အသက်ကို ကယ်ဖို့ မည်းနက်နေတဲ့ ခြေလက်အင်္ဂါအားလုံးကို ဖြတ်တောက်လိုက်ရပါတယ်။

ဆရာဝန်တွေကတော့ သူမဟာ တီလားပီးယားငါးကနေတစ်ဆင့် ပင်လယ်ရေများမှာ တွေ့ရလေ့ရှိတဲ့ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ Vibrio vulnificus ဘက်တီးရီးယားပိုး ကူးစက်ခံထားရတာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

အဆိုပါ Vibrio vulnificus ဟာ ပူနွေးတဲ့ရေတွေမှာ ပေါက်ပွားကြတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပြီး ရောဂါပိုးကူးစက်ခံတဲ့ လူနာဟာ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ အဖျားတက်ခြင်းစတဲ့ လက္ခဏာများကို ခံစားရတဲ့အပြင် အသက်ဆုံးရှုံးစေတဲ့အထိ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ ကျန်းမာရေးအကြံပေးချက်မှာတော့ ပင်လယ်ထဲ ထိခိုက်ဒဏ်ရာ မရအောင် ဂရုစိုက်ဖို့နှင့် ပင်လယ်စာတွေကို အစိမ်းမစားကြဖို့ သတိပေးထားခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - WorldForum