အသားစားတဲ့ မိကျောင်းက လူသားတွေကို ကူညီပေးတယ်ဆိုတာ သင်ကြာဖူးပါသလား ။ ဟုတ်ပါတယ် .. အချို့သောမိကျောင်းတွေက လူသားတွေလိုအပ်နေတဲ့ အကူအညီကို ပေးခဲ့ကြတာ ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အင်ဒိုနီးရှားမှာ မိကျောင်းတစ်ကောင်က ပျောက်ဆုံးနေတဲ့ ကလေးငယ်တစ်ဦးကို ကူရှာပေးခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။

ဒါကတော့ Muhammad Ziyad Wijaya လို့အမည်ရတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ပျောက်ဆုံးနေခဲ့တာကြောင့် အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားတွေက ဂျဝါမြစ်ကြောင်းတစ်လျှောက်မှာ လိုက်လံရှာဖွေခဲ့ကြပါတယ်။ ကလေးပျောက်ဆုံးပြီး နှစ်ရက်အကြာမှာ ထူးထူးဆန်းဆန်း မိကျောင်းတစ်ကောင်ဟာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ပါးစပ်ဖြင့်ကိုက်ပြီး ကူးခတ်လာတာကို တွေ့ခဲ့ရပါတယ်။

ကယ်ဆယ်ရေးသမားတွေက ကလေးငယ်ရဲ့ ရုပ်အလောင်းကို လှေပေါ်ကနေ ဆယ်ယူလိုက်တဲ့ အချိန်မှာ မိကျောင်းဟာ မြစ်ကမ်းစပ်အစွန်ကို ပြန်ကူးခတ်သွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ကလေးရဲ့ ရုပ်အလောင်းကို ဒေသခံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီမှ အရာရှိများက စစ်ဆေးကြည့်တဲ့ အခါ ခန္ဓာကိုယ်မှာ ကိုက်ခဲထားတဲ့ ဒဏ်ရာတွေမရှိဘဲ လုံးဝနဂိုအတိုင်းရှိနေတာ တွေ့ခဲ့ရပါတယ်။

East Kalimantan ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက မိကျောင်းဟာ ပျောက်ဆုံးသွားတဲ့ ကလေးငယ်ရဲ့ အလောင်းကို ကယ်ဆယ်ရေးသမားများကို ကူညီရှာဖွေပေးခဲ့တာလို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် Coconuts Jakarta ရဲ့ အစီရင်ခံစာမှာတော့ မြစ်ဝကျွန်းပေါ်ရှိ မိကျောင်းများနှင့် ကလေးငယ် ပျောက်ဆုံးမှုမှာ ပါဝင်ပတ်သက်မှု ရှိ၊ မရှိ အတိအကျ မသိရသေးကြောင်း ဖော်ပြခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - thethaiger