ဆယ်စုနှစ်ပေါင်း (၇) ခုအထိကြာအောင် အင်္ဂလန်နိုင်ငံကြီးကို ဦးဆောင်ခဲ့တဲ့ ကမ္ဘာ့ဩဇာအလွှမ်းမိုးဆုံးအမျိုးသမီးတွေထဲတစ်ဦးပါဝင်တဲ့ အာဂအမျိုးသမီး ဘုရင်မကြီး အယ်လိဇဘက်(၂) ဟာ စက်တင်ဘာ(၈)ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဒီနတ်ရွာစံကွယ်လွန်မှုဟာ တစ်ကမ္ဘာလုံးက ပြည်သူတွေအဖို့အတော်လေးစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။

ဒုတိယမြောက် အယ်လိဇဘက် ဘုရင်မကြီးရဲ့ နိုင်ငံတော်ဆိုင်ရာ စျာပနအခမ်းအနားကြီးကိုလည်း ဒီကနေ့ စက်တင်ဘာ(၁၉)ရက်နေ့ ၊ လန်ဒန်မြို့ က ဝက်စ်မင်စတာဘုရားကျောင်းမှာ ဗြိတိန်စံတော်ချိန် မနက် (၁၁) နာရီ (မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ဘုရင်မကြီး ရဲ့ခေါင်းတလားတော် ထားရှိထားတဲ့ ဝက်စ်မင်စတာခန်းမကို လာရောက်ဂါရဝပြုဖို့ ဝင်ပေါက်နားမှာ တန်းစီနေတဲ့ လူတန်းကိုလည်း ဖြတ်လိုက်ပြီဖြစ်ပါတယ်။ ဘုရင်မကြီးရဲ့ ဩဇာလွှမ်းမိုးမှုဟာ ဘယ်လောက်ကြီးမားလဲဆိုရင် ဗြိတိန် ဒေသစံတော်ချိန် မနက် (၁၁) နာရီမှာ ကျင်းပမယ့် စျာပနပွဲအခမ်းအနား မှာ ဝင်ရောက်နိုင်ဖို့ လူထုကြီးက လမ်းပေါ်မှာ ညအိပ်စောင့်ဆိုင်းနေတာတွေလည်းရှိနေတယ်လို့သိရပါတယ်။



