Tijuana မှ San Diego သို့ ရောက်ရှိတဲ့ ဘောလုံးကွင်း ခြောက်ကွင်း အရှည်ခန့်ရှိ မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သည့် အဓိကဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း အမေရိကန်အာဏာပိုင်များက တနင်္လာနေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ လျှို့ဝှက်လမ်းကြောင်းထဲမှာ မီးရထားလမ်းပါဝင်ပြီး လေဝင်လေထွက်စနစ်များ၊ လျှပ်စစ်နှင့် အားဖြည့်နံရံများ ပါဝင်တယ်လို့ ဆိုပါတယ်။
ဥမင်လိုဏ်ခေါင်းကို ဘယ်အချိန်ကတည်းက လည်ပတ်နေလဲ ဆိုတာ မသိရသေးကြောင်း အမေရိကန် အာဏာပိုင်များက ပြောကြားထားပါတယ်။ ဒါပေမယ့် လက်ရှိမှာ ကိုကင်း ၁၇၆၂ ပေါင်၊ စိတ်ကြွဆေး ၁၆၅ ပေါင်နှင့် ဘိန်းဖြူ ၃.၅ ပေါင်တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အသက် ၃၁ နှစ်မှ ၅၅ နှစ်ကြား လူခြောက်ဦးကို ကိုကင်းဖြန့်ဝေရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုထားပြီး အားလုံးက ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ နေထိုင်သူတွေလို့ သိရပါတယ်။ သောကြာနေ့က ရှာဖွေတွေ့ရှိခဲ့တဲ့ နောက်ဆုံးလမ်းကြောင်းကတော့ တီဂျူနာအနီးအထိရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဥမင်လိုဏ်ခေါင်းများအပါအဝင် လှိုင်ခေါင်းအများအပြားတွေ့ရတာကတော့ San Diego ရှိ Otay Mesa စက်မှုဇုန်အတွင်းမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ စက်မှုဇုန်အတွင်းက ဂိုဒေါင်ထဲမှာ အခြားမူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခြင်းမရှိပေမယ့် ကြမ်းပြင်မှာ ဖောက်ထားတဲ့ ဥမင်လိုဏ်ခေါင်းအပေါက်အဝတစ်ခုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အလားတူ ၂၀၀၆ ခုနှစ်ကတည်းကလည်း ကယ်လီဖိုးနီးယားနှင့် မက္ကဆီကိုနယ်စပ်မှာ ခေတ်မီဆန်းပြားတဲ့ ဥမင်လိုဏ်ခေါင်း ၁၅ ခုခန့်ကို ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။
သတင်း အရင်းအမြစ်៖ Source - CSB News